နေပြည်တော် အောက်တိုဘာ ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကြေးနီကန်ကျေးရွာအနီးတွင် တည်ရှိသည့် မိုးလေဝသရေဒါစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက Radar ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့်ရရှိရေး အတွက် သတ်မှတ်ထားသည့်လုပ်ငန်းများကို မပျက်မကွက် ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရေး၊ စစ်ဆေးမှုမှတ်တမ်းများ စနစ်တကျထားရှိရေး၊ စက်ပစ္စည်းချို့ယွင်းမှု ရှိပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေ ရေးအတွက် ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အဦအတွင်း ခရီးသည်များ ဆိုက်ရောက်/ထွက်ခွာနေမှု၊ ပြည်တွင်း/ ပြည်ပ လေယာဉ် ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင် ကာကွယ်ရေးဆောင်ရွက်နေမှု၊ (Airport Surveillance Radar-ASR) ရေဒါတပ်ဆင်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်ထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရတနာပုံ သင်္ဘောကျင်း၌ ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး (အောက်ပုံ) ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ရတနာပုံသင်္ဘောကျင်းအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေယာဉ်များအား ကုန်တင်ရာတွင် Ship Stability အတွက် Weight and Balance ကို ဂရုပြုဆောင်ရွက်ရန်၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကိစ္စများကို ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်