နေပြည်တော် စက်တင်ဘာ ၃၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် (၄)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conference စနစ်ဖြင့် ကျင်းပသည်။
(၉) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စစ်ဆေးရေး အဖွဲ့(IALI)၊ တရုတ်နိုင်ငံ၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန (MEM)၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ် သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာန (MHLW)၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအေဂျင်စီ (KOSHA) တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံကို ယခုနှစ်မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် "Str-engthening OSH Inspection Systems for Better Workplace" ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ထိရောက်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းစနစ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပုံမှန်စစ်ဆေးခြင်းစနစ်မှ Digital Platform စစ်ဆေးခြင်းစနစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်း လာကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက် ကောင်းမွန်စေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံ ၏ စီးပွားရေးတိုးတက်မှုလမ်းကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကို မြှင့်တင်နိုင်ရေး အာဆီယံအနေဖြင့် သိသာထင်ရှားသည့် အားထုတ်မှု လုပ်ဆောင်ထားပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကတိကဝတ်များ အားကောင်းခိုင်မာစေရေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာ ကြသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရရှိ သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ညီလာခံ၏ ခေါင်းစဉ်နှင့်အညီ ပါဝင်ဆွေးနွေး အကြံပြု ကြသည်။
မွန်းလွဲပိုင်းတွင် (၄) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဒေသတွင်းလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်ကောင်းမွန်သည့် ကုမ္ပဏီများကို အများပြည်သူသိရှိစေရန်နှင့် အသိအမှတ်ပြု ဆုများချီးမြှင့်ပေးရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးပုံရိပ်အား မြှင့်တင်ပေးရန် ရည်ရွယ် ချက်များဖြင့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင်တစ်ကြိမ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျကျင်းပပြုလုပ်ခဲ့ပြီး ယခုစတုတ္ထအကြိမ်တွင် မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်ရရှိခဲ့ကြောင်းနှင့် အာဆီယံဒေသတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍ တိုးတက်ရန် များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဆုရရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ဆုတံဆိပ်နှင့် ဆုလက်မှတ်များ ချီးမြှင့်သည်။
ASEAN-OSHNET Excelle-nce Award ဆုအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုကို အသိအမှတ်ပြုရန်နှင့် ASEAN-OSHN-ET Best Practices Award ဆုကို အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထ၊ ကျင့်စဉ်များ ချမှတ်ဆောင်ရွက်မှုကို အားပေးချီးမြှောက်ရန်အတွက် နှစ်နှစ်လျှင်တစ်ကြိမ် ပေးအပ် ချီးမြှင့်လျက်ရှိရာ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံ၍ (၄) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ Excellence Award (၁)ဆုနှင့် Best Practices Award (၁) ဆု တို့ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်