နေပြည်တော် စက်တင်ဘာ ၂၇
လျှပ်စစ်စစ်ဆေးရေးဌာန၏ စစ်ဆေးအကြံပြုချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးဖြစ်သည့်လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိပြန်လည် စစ်ဆေးရန်၊ စက်ရုံ စတင်လည်ပတ်လျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် မတူညီသည့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်နှစ်ခုမှ ချိတ်ဆက်သွယ်တန်းနိုင်ရေး ကြိုတင်ညှိနှိုင်းထားရန်၊ အလုပ်ရုံခွဲအသီးသီး၌ စက်မှုပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်နေမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး အချိန်ဇယားများရေးဆွဲ ဆောင်ရွက်ရန်၊ စွန့်ပစ်အပူသုံး ဘွိုင်လာအားစွမ်းအားပြည့် အသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံစမ်းသပ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံခွဲများအလိုက် ဆောင်ရွက်လျက်ရှိသည့် နည်းစဉ်အဆင့်ဆင့်တို့ကို ကြေညက်အောင် လေ့လာထားရန်နှင့် စက်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်သည့် နည်းပညာများရရှိရေး ကြိုးစားသင်ယူကြရန်လိုကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောကြားသည်။
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်စစ်ဆေးစဉ် စက်ရုံတာဝန်ရှိသူများကို ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် သတ္တုရိုင်း ပြင်ဆင်ရေးအလုပ်ရုံခွဲ စမ်းသပ်မောင်းနှင်နေမှု၊ မော်တာနှင့် ပန့်များ စမ်းသပ်မောင်းနှင်နေမှု၊ အလုပ်ရုံခွဲအသီးသီးရှိ စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်ခန်းမှ ထိန်းချုပ်မောင်းနှင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သည် နိုင်ငံတော်အတွက် မရှိမဖြစ်သည့် စက်ရုံဖြစ်၍ စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင်နှင့် အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများပြီးစီး၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှ ထွက်ရှိလာမည့် သံစိမ်းများသည် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၌ သံမဏိထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်