နေပြည်တော် စက်တင်ဘာ ၂၃
ယခုသင်တန်းတွင် သင်တန်းသားများကို ITနှင့်သက်ဆိုင်သော အသုံးချဘာသာရပ်များကို အခြေခံမှစတင်၍ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ရှာဖွေစုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု စသည့် အရည်အချင်းများနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချ၍ လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်၊ အချိန်နှင့်အမျှ တိုးတက်နေသည့် IT နည်းပညာများကို ဆက်လက်လေ့လာသွားကြရန်နှင့် မိမိတို့မှတစ်ဆင့် ဆင့်ပွားပညာ ဖြန့်ဝေသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ယင်းသို့ပြောကြားခြင်းဖြစ်သည်။
ထို့ပြင်ပေးအပ်လာသည့် တာဝန်နှင့်ဝတ္တရားများကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့်သူများဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားပြုလောက်သည့် သီလ၊ သမာဓိ၊ ပညာပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးကို စိတ်ကောင်း စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်လိုကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၃) သင်တန်းမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများထံသို့ လည်းကောင်း ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား ၅၀ တက်ရောက်ခဲ့ပြီး ရက်သတ္တ ရှစ်ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်