Skip to main content

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေးမိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။

အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။

အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၂လ သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၇ လက်မခွဲ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၂၀၄ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ် ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)