နေပြည်တော် စက်တင်ဘာ ၂၂
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အစောပိုင်း ခက်ခဲသည့် ကာလများတွင် ကမ္ဘောဒီးယားနိုင်ငံမှ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ Rapid Antigen Test Kit များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးမှုအတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ အာဆီယံ AHA Center မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး ပထမအဆင့်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဉီးဆောင်မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ ယခုအခါ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေး ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို မထိပါးသည့် လူသားချင်းစာနာမှု အကူအညီများကို လက်ခံသွားမည့် အစီအစဉ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသွားမည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေး ပြောကြားခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)