နေပြည်တော် စက်တင်ဘာ ၂၁
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်း ရှစ်ကျောင်း၏ သမိုင်းအကျဉ်း၊ သင်တန်းကျောင်းများ၏ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင် ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အသစ်ဖွင့်လှစ်မည့် အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)နှင့် အမှတ်(၈) စက်မှုသင်တန်းကျောင်း (သထုံ)တို့ကို သတ်မှတ်လျာထားသည့် အချိန်တွင် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ နည်းပြလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) စီမံကိန်းများ၏ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ တရုတ်နိုင်ငံသို့ နည်းပညာသင်တန်း စေလွှတ်မည့် သင်တန်းနည်းပြများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် စနစ်တကျ ရွေးချယ်စေလွှတ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်မည့်အစီအစဉ်ကို Project Management Schedule ရေးဆွဲတင်ပြရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်နေသည့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဂျပန်ဘာသာ စကားသင်တန်း ပို့ချနေမှု၊ ဓာတ်ခွဲခန်းများ၊ Exhibition Room နှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအလုပ်ရုံသစ် တည်ဆောက်နေမှု၊ အကြီးစား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အလုပ်ရုံသုံးရုံနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတည်ပြု ပြဋ္ဌာန်းထားသည့် စက်မှုဇုန်ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်