Skip to main content

မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားမွမ်းမံပြင်ဆင်မှုနှင့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေးကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင် ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၁

အကြီးစားပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပပြုလုပ်မည့် ဝိဇယမင်္ဂလာ ဓမ္မသဘင် အဆောက်အအုံလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများသုံးစွဲရေး၊ ပိဋကသုံးပုံပါဠိတော်ကို မြန်မာ-ရိုမန်အက္ခရာ နှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ကယနေ့နံနက်ပိုင်းက အဆိုပါလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၌ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တသေဋ္ဌိလ၊ တိုင်းသံဃနာယကဥက္ကဋ္ဌ ဇောတိကာရုံပါဠိတက္ကသိုလ် ဆရာတော် ဦးသုမင်္ဂလနှင့် ဝင်္ကပါစာသင်တိုက် ဆရာတော် ဦးဩဘာသတို့အား သွားရောက်ဖူးမြော်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ပဲခူးတိုင်း သာသနာရေးမှူးရုံးခွဲ(ပြည်) အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ လုံခြုံရေးနှင့် သာသနာရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး တိုင်းသာသနာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လုံခြုံရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကိုမှာကြားသည်။

အဆိုပါ ခရီးစဉ်အတွင်း ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မာစာရအား သွားရောက်ဖူးမြော်ပြီး သာမဏေငယ်များ ပြုစုပျိုးထောင်ရေးအတွက် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားကာ အလှူငွေများ လှူဒါန်းခြင်း၊ မကွေးမြို့ မြသလွန်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ စေတီတော်ဘဏ္ဍာထိန်းဂေါပကများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးပြည်သူများ ဘုရားဖူးနိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် စေတီတော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် အလှူငွေများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်