နေပြည်တော် စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ များအဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာလ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအနေဖြင့် ပညာရည်မြင့်မားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရမည့် တာဝန်ရှိလာသည်နှင့်အညီ မိမိတို့ကိုယ်တိုင် ပညာ အရည်အသွေး၊ အရည်အချင်းများပြည့်ဝအောင် အမြဲလေ့လာ သင်ယူနေကြရမည် ဖြစ်ကြောင်း၊ ကိုယ်တိုင် ဘာသာရပ်အပေါ် နားလည်ကျွမ်းကျင်မှ ကျောင်းသား ကျောင်းသူများကို နားလည် တတ်ကျွမ်းအောင်၊ ထူးချွန်အောင် သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း၊ သင်ကြားရေးသာမက နိုင်ငံအတွက် အကျိုးရှိ ထိရောက်သော သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများ အားကောင်းမှသာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့သည် ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း အားလုံးကို သိရှိ လိုက်နာရန် လိုကြောင်း။
ဆရာဆရာမများ ဖြစ်လာပြီဖြစ်၍ အချင်းချင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရန် လိုကြောင်း၊ အားလုံးနှင့်အတူတူလက်တွဲကာ တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်၍ ဆရာ ဆရာမ ကျင့်ဝတ်သိက္ခာများနှင့်အညီ ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ အငယ်က အကြီးကို လေးလေးစားစား ဂါရဝတရားဖြင့် ဆက်ဆံရန် လိုသကဲ့သို့ အကြီးကလည်း အငယ်အပေါ်မှာ မေတ္တာထား၍ ဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ စည်းကမ်းဘောင်အတွင်း ညင်သာသိမ်မွေ့စွာ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်သည် ပညာတတ်များ စုဝေးရာနေရာဖြစ်၍ နူးညံ့သိမ်မွေ့ကြရမည် ဖြစ်ပါကြောင်း၊ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ ဆောင်ရွက်၍ ပညာရေး တိုးတက်အောင် ဆောင်ရွက်ကြစေ လိုကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
အခမ်းအနားကို မြကျွန်းညိုညို တက္ကသိုလ်တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision) ၄ ရပ် အောင်မြင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝ နှလုံးလှ၍ စာသင်ကောင်းသော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ် တပည့်များကို မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်