နေပြည်တော် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း လိုအပ်ချက်၊ အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားသည်။
ထို့ပြင် မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှု အန္တရာယ်များ ပိုမိုသိရှိနားလည်ရန်၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များတွင် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြု ကွင်းဆင်း/ ရုံးထိုင် စစ်ဆေးမှုများ ဆောင်ရွက်ရန်၊ ဟွန်ဒီလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ အချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုဆိုင်ရာ သံသယဖြစ်ဖွယ် သတင်းပို့ချက်များ ပိုမိုဖော်ထုတ်ရန်၊ မှုခင်းများကို စုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းကိုပါ တစ်ပြိုင်တည်း တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှု ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်၊ မှုခင်းများတွင် သိမ်းဆည်းထားသော ငွေကြေးနှင့်ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းမိန့်ချမှတ်သည်အထိ တန်ဖိုးလျော့နည်းမှုမရှိစေရေး ဆောင်ရွက်ရန်၊ လူအများအပြားသေကြေစေနိုင်သည့် လက်နက်များပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပစဉ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဥပဒေမူဘောင်များ တောင့်တင်းခိုင်မာစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Financial Action Task Force–FATF က မြန်မာနိုင်ငံကို တိုးတက် ဆောင်ရွက်မှုများ စောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများ (Grey List) စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဆောင်ရွက်ချက်များကို အာရှ-ပစိဖိတ်ဒေသ ပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) သို့ တိုးတက်မှု အစီရင်ခံစာ (၄) လ (၁) ကြိမ်ပေးပို့ရခြင်း၊ မျက်နှာချင်းဆိုင် အစည်းအဝေးများ တက်ရောက်ရခြင်း၊ စံနှုန်း သတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးနှင့် (Asia-Pacific Group On Money Laundering-APG) သို့ (၁)နှစ်လျှင် (၁)ကြိမ် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှု အစီရင်ခံစာပေးပို့ခဲ့ကြောင်း။
မိမိတို့ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် FATF ၏ အကြံပြုချက်အချို့တွင် စံနှုန်းတိုးတက် ကောင်းမွန်မှုများ ရရှိပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံပါ တိုးတက်ဆောင်ရွက်ချက်များကို APJG သို့ (၆)ကြိမ်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပထမအကြိမ် တိုးတက်မှု အစီရင်ခံစာတွင် အစီအမံ(၁၅)ချက်အပေါ် တိုးတက်မှု ပေးပို့ခဲ့ရသော်လည်း ပဉ္စမအကြိမ်မှစ၍ (၁၁)ချက်၏ တိုးတက်မှုများကို ပေးပို့ခဲ့ကြောင်း။
ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများအပါအဝင် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ် ဆောင်ရွက်ရန် FATF က တိုက်တွန်းထားကြောင်း။
ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်ကြသူများက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ဦးစန်းလွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်