နေပြည်တော် စက်တင်ဘာ ၁၉
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံ၊ အလုပ်ရုံ ၂၉၁ ရုံနှင့်အလုပ်သမား ၁၀၄၇၉၈ ဦး အလုပ်ရပ်နားခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ ကာလအတွင်း အသစ်ဖွင့်လှစ်သည့်စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံ ၁၀၀ ရုံရှိသဖြင့် စုစုပေါင်း ၂၁၄ ရုံရှိခဲ့ပြီး အလုပ်သမား ၅၄၈၁၉ ဦး အလုပ်အကိုင်များ ပြန်လည်ရရှိစေခဲ့ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
ယနေ့နံနက် ၁၀ နာရီက အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံအနေဖြင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (အမှတ်-၈၇) ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၉၂) ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်း (၁၆၂)ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့ (၂၆) ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉) ဖွဲ့နှင့် အလုပ်သမားအဖွဲ့အစည်းအသင်းချုပ် (၁) ဖွဲ့ရှိပြီး အဆိုပါအလုပ် သမားအဖွဲ့အစည်းများတွင် အဖွဲ့အစည်းဝင် ၁၉၀,၀၀၀ ရှိပါကြောင်းနှင့် အလုပ်သမားအဖွဲ့ အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံ ရေးတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း။
Online ဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိ အဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံး ဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေနွေးတင်ပြခဲ့ပြီး Online ဖြင့် တက်ရောက်လာကြသော ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဆွေးနွေး၍ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဟန်ချက်ညီဖြေရှင်းနိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း၍ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး၊ လူနေမှုဘဝ မြင့်မားစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်