Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (Office of The United Nations High Commissioner for Refugees - UNHCR) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte နှင့်အဖွဲ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ (MoU) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးနိုင်ရေးအတွက် ဌာနအနေဖြင့် ကန့်ကွက်ရန်မရှိသော်လည်း လုံခြုံရေးအခြေအနေအရ အကန့်အသတ်ရှိမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံနိုင်ရေးအတွက် နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှုနှင့် အကြောင်းပြန်ကြား ပြီးစီးမှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ နည်းပညာလုပ်ငန်းအဖွဲ့များ၏ Online စနစ်ဖြင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေမှုနှင့် Pilot Project ဆောင်ရွက်သွားမည့်အစီအစဉ်၊ နှစ်နိုင်ငံ ဆောင်ရွက်ချက်များအပေါ် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှ ပျက်စီးစေရန်ရည်ရွယ်၍ နှောင့်ယှက်ဆောင်ရွက်နေမှု၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် ရေရှည်ဘဝ ရပ်တည်ရှင်သန်နိုင်ရေးတို့အတွက် UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် UNHCR အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်