Skip to main content

ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၈

ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် လျာထားလုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေး - လားရှိုး- ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး (မြစ်ကြီးနား)၊ ဗလမင်းထင်တံတား အမှတ်(၂)သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှု လမ်းကြောင်း ကန်ပိုက်တီမှ မြစ်ကြီးနားမြို့ကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမ ကြီးပေါ်၌ တည်ရှိသည့် တံတားတစ်စင်းဖြစ်သည်။

ယင်းတံတားကို တံတားဦးစီး ဌာန တံတားအထူးအဖွဲ့ (၁)မှ တာဝန်ယူ တည်ဆောက်လျက်ရှိ ပြီးကချင်ပြည်နယ်တွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း ဒေသဖွံ့ဖြိုးရေး၊ ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် အရေးပါသည့်တံတား တစ်စင်း ဖြစ်လာမည်ဖြစ်ကြောင်းနှင့် တံတားအရှည် ပေ ၃၂၁၂ ဒသမ ၀၉၉ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက် လျှင် ၁ မီတာ၊ ရေလမ်းကင်းလွတ် အကျယ်ပေ ၃၅၀ နှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၆ ပေ ၃ လက်မရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ အဆိုပါတံတား တည်ဆောက် ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတာဝန်ခံ နှင့် တာဝန်ရှိသူများက တံတား တည်ဆောက်နေမှု၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပင်မတံတား၊ ချဉ်းကပ်တံတား၊ ချဉ်းကပ်လမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာငွေ လျာထားချက်၊ မြေယာလျှော်ကြေး ကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှု၊ အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို မေးမြန်းဆွေးနွေးပြီး ဗလမင်းထင် တံတားတည်ဆောက်မည့် ပုံစံငယ်ကို ကြည့်ရှုကာလိုအပ်သည် များ မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် မြစ်ကြီးနားဘက်ခြမ်းနှင့် ဗန်းမော်ဘက်ခြမ်း၌ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မလိခအိမ်ရာစီမံကိန်းသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး၊ မိလ္လာ၊ အမှိုက်စွန့်ပစ်သည့်စနစ် ကောင်းမွန်စေရေးနှင့် ဘေးကင်း မှုလုံခြုံရေး အလေးထားဆောင် ရွက်ရန်မှာကြားကြောင်း သိရသည်။

သတင်းစဉ်