တောင်ကြီး စက်တင်ဘာ ၁၈
ယခုတည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ် အသားတစ်ခုဖြစ်သဖြင့် အဆောက်အအုံ အမြန်ဆုံး ပြီးမြောက်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းပေးကြ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် (၂) ရပ်ကွက် မြေကွက် အမှတ်(၉၃)၌ ကျင်းပခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းရင်းသားများ တက်ရောက်ကြပြီး ရတနာအုတ်မြစ်များ စီကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာစင်တာကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး သင်တန်းစင်တာ အဆောက်အအုံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ ယင်းသင်တန်းစင်တာပြီးပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွန်ပျူတာသင်တန်း၊ စက်ချုပ် သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း စသည် သက်မွေးပညာ ကာလတိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒေသခံတိုင်းရင်းသားများအတွက် အသက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ၊ တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိ သကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ငွေစာရင်းဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်စွာ တတ်မြောက်ထားရန်လိုကြောင်းနှင့် တိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ကျရာ ကဏ္ဍမှ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။ သတင်းစဉ်