Skip to main content

ဒေသတည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လျက်ရှိပြီး ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေးကို အမြဲတံခါးဖွင့်ကြိုဆိုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများကို ချုပ်ငြိမ်းသွားအောင် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းကြောင်း တစ်လျှောက်တွင် အိမ်နီးချင်း နိုင်ငံများနှင့် ပဋိပက္ခဖြစ်ပွားမှု မရှိသလောက်အလွန်နည်းပါးပြီး ပြင်ပမှကျူးကျော် စော်ကားမှုလည်းမရှိခဲ့ချေ။ သို့သော် အနောက်ဘက် အိမ်နီးချင်းနိုင်ငံဘက်မှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့၏ ကျူးကျော်စော်ကားမှုများ အကြိမ်ကြိမ် ရှိခဲ့သည်။ အနီးစပ်ဆုံးအားဖြင့် နယ်ခြားစောင့် ကင်းစခန်းများအား ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြသည်။ ယခုဖြစ်စဉ်တွင် AA အနေဖြင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရသည်။

AA အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းပြီး စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်နေသော တောင်ပြိုဝဲရဲကင်းစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ် ခြံစည်းရိုးအားကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ သုံးလုံးကျရောက် ပေါက်ကွဲခဲ့သည်။ အလားတူ ထိုနေ့ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းအား အထက်ပါပစ်ခတ်ခဲ့သည့် နေရာများမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်များသည် ရဲကင်းစခန်းခြံစည်းရိုးကို ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ သုံးလုံးကျရောက် ပေါက်ကွဲခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှကြိုးပမ်း ဆောင်ရွက်လျက် ရှိနေစဉ်ကာလအတွင်း AA အဖွဲ့သည် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်လာခြင်းသည် ငြိမ်းချမ်းရေးကို ဖျက်ဆီး နေခြင်းဖြစ်သည်။ ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုကို ပျက်ပြားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် အချိန်အခါ၌ မြန်မာနိုင်ငံအစိုးရအပေါ် အထင်အမြင်လွဲမှားအောင် ပြုလုပ်ခြင်းလည်းဖြစ်သည်။ ထိုသို့လက်နက်ကြီးကျည် နယ်စပ်ကိုကျော်လွန်၍ ကျရောက် ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် အနီးရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ AA အဖွဲ့သည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ပြုလုပ်လျက်ရှိရာ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် BP-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန် အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား လက်လွတ် ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ AA အဖွဲ့သည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအား ကျူးကျော်စော်ကားနေသော အစွန်းရောက် အကြမ်းဖက်သမားနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးလျက် ရှိသည် သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေရန်နှင့် နိုင်ငံအစိုးရအပေါ် အထင်အမြင်လွဲမှားစေရန် တမင်ကြံစည် လုပ်ဆောင်မှုများ ရှိနေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားမှုမရှိ စေရန်နှင့် အထင်အမြင်လွဲမှားမှု မရှိစေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်သို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားပြီးနိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကာ ငြိမ်းချမ်းရေးကိုသွေဖည်ပြီး တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းဖယ်ရှား၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။ ။