နေပြည်တော် စက်တင်ဘာ ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးတန်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော စက်ဘီးအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၄၈၀၀၀)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)ပါ ကြေညာချက်များနှင့် ကွဲလွဲစွာပါရှိလာသော Optical Fiber Cable များနှင့် အထည်လိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၉၆၇၆၀၀)ကိုလည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်လမ်း ရွှေသံလွင်တိုးဂိတ်အနီး၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော မြက်ဖြတ်စက်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၉၅၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် နတ်တလင်း ခရိုင်တို့တွင် တရားမဝင်ကျွန်းသစ်တန် ၅ ဒသမ ၈၄၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၆၀၂၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပြည်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၆၀၂၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၈၀၁၆၂၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်