Skip to main content

မြစ်ကြီးနားခရိုင်ရှိ နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်း ဖောက်လုပ်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၇

တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းဦးစီးဌာန တာဝန်ရှိသူများကလည်း သတ်မှတ်ဒီဇိုင်း ပုံစံကိုက်ညီရေး၊ အရည်အသွေး စစ်ဆေးမှုလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားသည်။

သွားရောက်ကြည့်ရှုစစ်ဆေး

ယနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်ရှိ နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖောက်လုပ်နေသည့် နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းသည် ရွှေဘို-မြစ်ကြီးနား လမ်းဘေးရှိ နန်ပေါင်လေယာဉ်ကွင်းကို ရှောင်ကွင်းသွားလာနိုင်ရန်အတွက် ၁၉၉၇ ခုနှစ်တွင် လမ်းအူကြောင်းရှာ၍ ရွှေဘို-မြစ်ကြီးနားလမ်း ရှဒေါင်းကျေးရွာ(၄၆၇ ကီလိုမီတာ) (၂၉၀/၁)မိုင်၊ ပမ္မတီးရပ်ကွက်(၄၇၅ ဒသမ ၅၀ ကီလိုမီတာ) (၂၉၅/၄)မိုင်တွင် ပြန်လည်ပေါင်းဆုံပြီး လမ်းမိုင်အရှည် ရှစ်မိုင် သုံးဖာလုံအား မြေသားလမ်းအဆင့်မှ ကျောက်ချောလမ်း၊ ကတ္တရာ လမ်းခင်းခြင်းနှင့် ကွန်ကရစ်တံတားများဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံရာ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းမျည်း စည်းကမ်းနှင့်အညီ လိုက်နာကြရန်၊ ရုံး၊ ဌာန၊ စက်ယာဉ်ယန္တရားနှင့် လူပုဂ္ဂိုလ်လုံခြုံရေးကို အထူးဂရုစိုက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ လမ်းဦးစီးဌာနနှင့် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးပြီး ခရိုင်/မြို့နယ်အလိုက် အရာထမ်း၊ အမှုထမ်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ဖြေရှင်းဆောင်ရွက်ပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်