နေပြည်တော် စက်တင်ဘာ ၁၇
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မော်လမြိုင်ဘူတာကြီး၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်နေမှု၊ Mask များ အခမဲ့ဝေငှခြင်းအစီအစဉ် Mask Campaign ပြုလုပ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာ့မီးရထား (ပို့ဆောင်ရေး၊တိုင်းအမှတ်-၈)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာကြစေရေး၊ ဘူတာရုံပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားပြီး တာဝန်ရှိသူများက ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး၌ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးပြီး စုပေါင်းသွေးလှူကြသည့် တပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အားဆေး၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြသည့် လူနာများကို အားပေးကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်