နေပြည်တော် စက်တင်ဘာ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၇-၉-၂၀၂၂ (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၈) တွင် ပေါက်ဖတ်ဘဝမှ လှပသော လိပ်ပြာလေး၏ဘဝသို့ ရောက်ရှိလာရန် ကြားကာလ၌ ပုံစံအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာခဲ့ရသော ဘော်ဘော်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ကိုယ်ထူးကိုယ်ချွန် လိပ်ပြာမွန်” မျက်နှာဖုံးဇာတ်လမ်း၊ ခေတ်အဆက်ဆက်ပြောင်းလဲအသုံးပြုခဲ့သော ယပ်တောင်အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ခေတ်အဆက်ဆက် ယပ်တောင်အမျိုးမျိုး” သုတဆောင်းပါး၊ သစ်စေ့ခွဲရာ၌ သူတစ်ပါးကို ဝေမျှမကျွေးချင်၍ မိမိဘာသာခွဲရာမှ သစ်စေ့ရေထဲသို့ ကျသွားသဖြင့် မစားလိုက်ရသော စာကလေးဖိုးထွေးအကြောင်းကို တင်ဆက်ထားသည့် “စာကလေး ဖိုးထွေး” နှစ်မျက်နှာကာတွန်း၊ အလုပ်တစ်ခုကိုလုပ်ဆောင်ရာ၌ ဇွဲရှိရှိဖြင့် ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှုရရှိနိုင်ကြောင်းကို တင်ဆက်ထားသည့် “ ကြိုးစားမှု၏ ရလဒ်အဖြစ်” ဝတ္ထု၊ မိခင်အားအသိမပေးဘဲ မိမိစိတ်ကူးဖြင့်ဆောင်ရွက်တတ်သော မိချော အကြောင်းကို တင်ဆက်ထားသည့် “မိချော- တစ်ဇွန်းတည်းပါမေမေ” တစ်မျက်နှာကာတွန်း၊ သူတစ်ပါး၏ကျေးဇူးကိုစောင့်သိကာ မိဘနှစ်ပါးအပါအဝင် ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ် လိုသော မောင်ချိုနှင့် မိဘပစ္စည်းကိုသုံးဖြုန်းကာ အပျော်အပါးကိုသာ ဦးစားပေးတတ်သော မောင်အိုတို့ သူငယ်ချင်းနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားသည့် “တန်ဖိုး” ပုံပြင်၊ မိဘဘိုးဘွားများ၏ အလိုလိုက်ထားမှုကိုခံရသည့်ရွှေပိုးနှင့် ဧည့်သည်များရှေ့တွင် ရွှေပိုး၏ အပြုအမူကြောင့် အဘိုးအဘွားများ အခက်တွေ့ရပုံကို တင်ဆက်ထားသည့် “ရွှေပိုး-ချန် ထားဦး” နှစ်မျက်နှာကာတွန်း၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် ကျောင်းနေစဉ် ကာလတွင် လူတော်လူကောင်းအဖြစ် ကြိုးစားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “လူတော်ဖြစ်ချင်သလား” နှစ်မျက်နှာကာတွန်း၊ ကလေးမီးဖွားခြင်းနှင့်ပတ်သက်၍ အပြန်အလှန် ပြောဆိုကြပုံ၊ သတင်းမေးပုံများနှင့် ၎င်းတို့ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံများကို လေ့လာနိုင်ရန် ဥပမာဝါကျများနှင့်တကွ တင်ဆင်ထားသည့် ဆရာ KML ၏ “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်