Skip to main content

သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းဓာတ်ပုံ ရိုက်ကူးသူ၏ အတွေးအခေါ်သည်အရေးကြီး

နေပြည်တော် စက်တင်ဘာ ၁၆

သတင်းတွင် ဓာတ်ပုံသည် အရေးကြီးကြောင်း၊ သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင်ပါဝင်သည့်အချက်အလက်နှင့် ဓာတ်ပုံတွင်ပါဝင်သည့် အချက်အလက်သည် ထင်ဟပ်ပေါ်လွင်စေရန် သတင်းဓာတ်ပုံရိုက်ကူးသူ၏ အတွေးအခေါ်သည်အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ​ပြောကြားသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/ ၂၀၂၂) သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြင်ပနည်းပြ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းဘာသာရပ်များ၊ Indoor, Outdoor လက်တွေ့ရိုက်ကူးခြင်းတို့ကို သင်ကြားပေးခဲ့သည့်အပြင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ဦးစီးဌာန နည်းပြများက သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းနှင့်သတင်းဆောင်းပါးများရေးသားခြင်း၊ အွန်လိုင်းအသုံးပြု၍ သတင်းများထုတ်ပြန်ခြင်း၊ သတင်းအပြန်အလှန်စီးဆင်းရေး ဘာသာ ရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း။ သင်တန်းသားများအနေဖြင့် ပို့ချလိုက်သည့် ပညာရပ်အပြင် ယခုထက်ဆပွားတိုး၍ တိုးတက်သည့်နည်းပညာများဖြင့် ပိုပြီးကောင်းမွန်အောင် ရိုက်ကူးတင်ဆက်နိုင်ရန်နှင့် သတင်းရေးသားထုတ်ပြန်သည့် နေရာတွင်လည်း သတင်းနှင့်ကိုက်ညီသည့်ဓာတ်ပုံကို အနှစ်သာရမြောက်အောင် ရိုက်ကူးနိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများ ရိုက်ကူးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

ယခုဖွင့်လှစ်ခဲ့သည့် ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို စက်တင်ဘာ ၆ ရက် မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်