နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတကာ၌ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးလုပ်ငန်းများနှင့်အတူ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံချက်ပေးခြင်းလုပ်ငန်းများ၊ အော်ဂဲနစ်စနစ်ကျင့်သုံးခြင်းများတွင် အာဆီယံ ကုန်သွယ်ဖက်နိုင်ငံများ၏ အော်ဂဲနစ်ဆိုင်ရာ လမ်းညွှန်ချက်များ အစီအစဉ်များနှင့် တစ်ပြေးညီဖြစ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းညွှန်ချက်များရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အော်ဂဲ နစ် စိုက်ပျိုးရေးဆိုင်ရာလမ်းညွှန်ချက်များ ပြင်ဆင်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးနှင့် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ တောင်းခံနိုင်ရေးစသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်က နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် အော်ဂဲနစ်ထောက်ခံချက်ပေးရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အဖွဲ့အသီးသီး၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ ပြင်ဆင်ထားရှိရမည့် စည်းမျဉ်းများနှင့် အထောက်အထားမှတ်တမ်းများ၊ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းခွင်ကို စစ် ဆေးမည့် နည်းလမ်းများ၊ ထောက်ခံချက်ပေးရေးအစီအစဉ်နှင့် ဆိုင်းငံ့ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ အရေးယူခြင်းစသည့် အော်ဂဲနစ်ထောက်ခံချက်ပေးရန် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်