ထားဝယ် စက်တင်ဘာ ၁၆
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးတွေ့ကြုံနေရသော အခက်အခဲများ၊ ကူညီပံ့ပိုးရမည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေးအဆင်ပြေစွာနေနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းသည် အဓိကကျကြောင်း၊ တိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသောကြောင့် ပွင့်လင်းရာသီကာလတွင် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း၊ မကြာမီကာလတွင် သီတင်းကျွတ် ရာသီနှင့် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင်ဘုရားလှည့်လည်ပူဇော်ပွဲ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် တိုင်းဒေသကြီးသို့ ခရီးသွားနှင့် ဘုရားဖူးဧည့်သည်များဖြင့် ပိုမိုစည်ကား လာနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး လိုအပ်သော အကြံဉာဏ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်