Skip to main content

ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ မြို့နယ်၌ ပဲတီစိမ်း ၈၃၈၇၄ ဧက စိုက်ပျိုးသွားမည်

နေပြည်တော် စက်တင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း ၈၃၈၇၄ ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများကို သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သူများနှင့်တွေ့ဆုံ

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ရှင်စောပုခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဝန်ထမ်းများ၊ မြို့မိ မြို့ဖ များ၊ သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြမည့် ပဲခူးမြို့နယ် ကျေးရွာအုပ်စုများမှ တောင်သူ ၁၅၀ တို့နှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာစီးပွားကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ယင်းသို့ ဆောင်ရွက်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်း၊ တံတား၊ မီးရရှိရေး၊ ရေရရှိရေးစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နိုင်ငံတော်၏ မျှော်မှန်းချက်နှင့်အညီ ရာသီအလိုက်သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက် ကြွေးမြီကင်းရှင်းသော မိသားစုဘဝကို ပိုင်ဆိုင်ခွင့်ရအောင် ဆောင်ရွက်ကြရေး မှာကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်း ဒေသကြီးအတွင်း သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တောင်သူများအနေဖြင့် သမဝါယမအကျိုးတူလယ်ယာစနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူး များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးဆောင်ရွက်မည့် လျာထားချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးသို့ရောက်ရှိပြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အသေးစားဓာတ်ခွဲခန်း (Mini Lab) အား ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေါမြို့နယ် မြို့နယ်ခန်းမ၌ ဝေါမြို့နယ်အတွင်း ကျေးရွာအုပ်စု ရှစ်အုပ်စုမှ စိုက်ပျိုးဧက ၆၃၂၉ ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တောင်သူများက သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် ကောလိယခန်းမ၌ ဒိုက်ဦးမြို့နယ် ကျေးရွာအုပ်စု ငါးအုပ်စုမှ စိုက်ပျိုးဧက ၁၁၁၁၉ ဧကတွင် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများ၏ ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်