နေပြည်တော် စက်တင်ဘာ ၁၆
(၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ပြည့်ဝစွာစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လျှပ်စစ်ဓာတ်အားလုံလောက်စွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင် ကောင်းမွန်စေရေး လိုအပ်သည်များကြိုတင်စီမံဆောင်ရွက်သွားရန်၊ အရေးပေါ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ ဓာတ်အားပြန်လည်ရရှိရေးအတွက် အရံမီးစက်များထားရှိရန်၊ အရံဓာတ်အားလိုင်းများနှင့် ချိတ်ဆက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများကို မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)