Skip to main content

ကိုဗစ်-၁၉ကပ်ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာသဖြင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုရန် လိုအပ်

နေပြည်တော် စက်တင်ဘာ ၁၆

အနာဂတ် ကိုရိုနာဗိုင်းရပ်စ်လှိုင်းဂယက်များ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများကို ဆက်လက်သတိထားရန် ကမ္ဘာကျန်းမာရေးအဖွဲ့က သတိပေးနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန်ရောဂါဖြစ်ပွားမှု စတုတ္ထလှိုင်းသည် ပြန်လည်ကျဆင်းလာခဲ့ရာမှ ဩဂုတ်လအတွင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာခဲ့သဖြင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်နေထိုင်ကြရန် ပညာပေးလုပ်ငန်းများကို အရှိန်မြှင့်နေကြသလို လိုက်နာ ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန် (Version 4.0) အား ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အထက်ပါအတိုင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူများ အားလုံး၏ ၈၄ ဒသမ ရာခိုင်နှုန်းတွင် ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သောအဆင့်သို့ ရောက်ရှိ နေပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန် (Version 4.0)နှင့် အညီ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန် (Version 4.0)အား အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)