Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂ - ၂၀၂၇) မိတ်ဆက်ဖြန့်ချိ

နေပြည်တော် စက်တင်ဘာ ၁၅

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (Myanmar Sustainable Development Plan – MSDP)၊ အာဆီယံ မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၅) (ASEAN Enabling Master plan: 2025) တို့နှင့်အညီ ရေးဆွဲထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အား မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေပြီး နိုင်ငံတော်အစိုးရအတွက် ပုံရိပ်ကောင်းများ ထင်ဟပ်စေမည့် ကာလတိုရည်မှန်းချက် (Quick Win) များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အတည်ပြုပြဋ္ဌာန်းခြင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် စသည့် အခွင့်အလမ်းများမှာ လက်လှမ်းမီရရှိနိုင်မှု နည်းပါးလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်လျက်ရှိနေသဖြင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း။

မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်းအတွင်း အများနည်းတူ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းသည် လုပ်ငန်းလမ်းညွှန်အဖြစ် တည်ရှိနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက်များ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ အောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီကိုးခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါ ဆပ်ကော်မတီများအနေဖြင့် ဆပ်ကော်မတီ အစည်းအဝေးများ အမြန်ဆုံးခေါ်ယူကျင်းပသွားရန်နှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင်များကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) စာအုပ်များ ပေးအပ်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ချောစုလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း ရေးဆွဲနိုင်ရေး နည်းပညာပံ့ပိုးသူများအဖွဲ့ (Technical Core Group) အစည်းအဝေးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ရာ နည်းပညာပံ့ပိုးသူများအဖွဲ့ (TCG) အဖွဲ့ဝင်များ တက်ရောက်ကြပြီး မဟာဗျူဟာ (၅)နှစ်စီမံကိန်းပါ လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်