နေပြည်တော် စက်တင်ဘာ ၁၅
စာသင်ကျောင်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အဆောက်အအုံ၊ သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့ပြီး လိုအပ်ချက်များရှိပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် စာသင်ခန်းအတွင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသဖြင့် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ ကျန်းမာရေး အထူးဂရုပြုကြရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ၍ သင်ကြား၊ သင်ယူကြရန်လိုကြောင်း၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်နိုင်ရေးအတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို ဂရုတစိုက်ဆောင်ရွက်ကြရန်၊ ကျောင်းလုံခြုံရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်