နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ယနေ့အစည်းအဝေး၌ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင် စာရင်းများစိစစ်ခြင်း၊ မဲရုံနေရာများသတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ခွဲဝေခြင်း စသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးရမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခြင်း စသည့် ရွေးကောက်ပွဲအကြို ကာလလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) များ ရှိကြရမည်ဖြစ်ကြောင်း၊ ပုံစံ (၆၆/၆) ရှိမှသာ မိမိနေထိုင်ရာဒေသမဲစာရင်းတွင် ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်းတွင်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တာဝန်ရှိသည့်ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများ သတ်မှတ်ခွဲဝေရာတွင်လည်း ဝေးလံဒေသများနှင့် ခရီးသွားလာရန် ခက်ခဲသည့်ဒေသများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန်လိုကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့် စပ်လျဉ်းပြီး အသီးသီး ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်း အကြံပြု ဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။