Skip to main content

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်

နေပြည်တော် စက်တင်ဘာ ၁၅

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းဝင်း အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား ၂၀ ခန့်က အနက်ရောင်မှန်လုံမော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် ၃ စီး တို့ဖြင့် ဝင်ရောက်လာပြီး ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းပြင်ဆင်နေသည့် ကိုရင်ကြီးတစ်ပါးနှင့် ကိုရင် ၂ ပါးတို့အား ဆွမ်းဝိုင်းဘေး၌ ထိုင်ခိုင်းကာ အကြမ်းဖက်သမားအချို့က ရေချိုးနေသည့် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ (၄၈)နှစ် ၂၈ ဝါ (ခမည်းတော်) ဦးဘညိမ်းအား ဆွမ်းစားဆောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး ဆရာတော်အား ခြိမ်းခြောက်အကျပ်ကိုင်၍ လူဝတ်လဲခိုင်းခဲ့ရာ ဆရာတော်မှ လူဝတ်မလဲလိုကြောင်း ပြန်လည်ပြောဆိုစဉ် အကြမ်းဖက်သမားများက ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ကျောင်းဝင်းအတွင်း ရပ်တန့်ထားရှိသည့် ဘုန်းကြီးကျောင်းပိုင် ၅ဃ/၁၁၂၅ နံပါတ်တပ်ဆင်ထားသည့် Hilux ခဲရောင်မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင်၍ ကန်တော်လေး-ဘုန်းကံကျေးရွာလမ်းအတိုင်း မြိုင်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိုသို့ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော် ဦးတေဇောဘာသတွင် ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာတစ်ချက်နှင့် ရင်ဘက်ပေါက်ပြဲဒဏ်ရာ ၂ ချက်တို့ဖြင့် ဆွမ်းစားဆောင်ပေါ်၌ ပျံလွန်တော်မူခဲ့သည်။