နေပြည်တော် စက်တင်ဘာ ၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ကလေးမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသမီး ၄ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။