Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၈၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၁၉) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၈၉၀,၇၁၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၇,၉၉၈) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၆၉) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၄,၇၂၁) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၄) ဦး ရှိပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိဘဲ (၁၅.၉) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားပြီး (၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ (၀.၁)ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများဖြစ်ကြပြီး (၁၄.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများဖြစ်ကာ (၁.၅) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုတို့ကို လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။