Skip to main content

ရွှေနှင့် ငွေကြေး ဈေးကွက်တည်ငြိမ်ခိုင်မာစေရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၁၄

ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ် ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီတို့မှ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေနှင့် ငွေကြေး ဈေးကွက်တည်ငြိမ် ခိုင်မာစေရေး အတွက် သက်ဆိုင်ရာဌာန အသီးသီးက ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ် ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုးပေးမည့် အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ရွှေနှင့်ငွေကြေး ဈေးကွက်တည်ငြိမ်စေရေးအတွက် ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေလုပ်ငန်းရှင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသော ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဆပ်ကော်မတီအသီးသီး၏ဥက္ကဋ္ဌ များဖြစ်ကြသော ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်