နေပြည်တော် စက်တင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၆၀၊ ဘိုးဘွားရိပ်သာ ၈၈ ခု၊ အမျိုးသမီးဂေဟာ ၁၀ ခု၊ မသန်စွမ်းဂေဟာ ၁၁ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ၁၅၆၁ ကျောင်း၊ စေတနာ မူလတန်း ညကျောင်း ၁၄ ကျောင်းနှင့် လူငယ့်ရိပ်သာ ခြောက်ခုတို့အတွက် ထောက်ပံ့ ကြေးငွေစုစုပေါင်း ငွေကျပ် ၂၆၈၉ ဒသမ ၈၂၈ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့၏ လူမှုဘဝ သာယာဝပြောရေးအတွက် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများချမှတ်၍ လူမှု ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်များတွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပြီး စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများက ထူထောင်ထားရှိသော ဂေဟာ/ ရိပ်သာများကို စနစ်တကျဖွင့်လှစ် နိုင်ရေးနှင့် ကြီးကြပ်နိုင်ရေး အတွက် ရည်ရွယ်၍ ထောက်ပံ့ ကြေးများပေးအပ်ခြင်း၊ နည်းပညာ အကူအညီပံ့ပိုးပေးခြင်း၊ နိုင်ငံတော်ကိုယ်စား လူမှုရေးတာဝန်များကို တစ်ဖက်တစ်လမ်းက တာဝန်ယူ၍ ဆောင်ရွက်ပေးခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း။
တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး ဂေဟာ / ရိပ်သာများတွင် စောင့်ရှောက်ထားရှိသည့် လူပုဂ္ဂိုလ် များကို လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်ဆေးကြီးကြပ်ခြင်း နှင့်အညီ ဂေဟာ/ ရိပ်သာများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ် ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အထူးအလေးပေး မှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ စောင့်ရှောက်ထားရှိသူများ ရေရှည်အကျိုးစီးပွားကို ဦးတည်၍ ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများက ဂေဟာ/ ရိပ်သာ/ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း တာဝန်ခံများကို ထောက်ပံ့ကြေးများ လွှဲပြောင်းပေးအပ်ကာ ရိပ်သာတာဝန်ခံတစ်ဦး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် မြင်သာ မြို့ဦးပရဟိတဂေဟာမှ ဂေဟာမှူး ဦးရဲဝင်းက ဂေဟာ/ရိပ်သာများ ကိုယ်စားကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့ပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender/ CEDAW/ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်ပွဲကို ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက Hybrid ပုံစံဖြင့် ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
သင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ကြီးဌာနအောက် ရှိ ဦးစီးဌာနရှစ်ခုမှ ဦးစီးအရာရှိနှင့် အလယ်အလတ်အဆင့် အရာထမ်းများ၊ သင်တန်းသား သင်တန်းသူ ၃၀ ပါဝင် တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက် အထိ နှစ်ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်