Skip to main content

နိုင်ငံတကာစာရင်းကိုင်စနစ်ဖြစ်သည့် IPSAS ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အရအသုံး ခန့်မှန်းခြေငွေစာရင်းများ စိစစ်ရာတွင် ပိုမိုပြည့်စုံဆောင်ရွက်နိုင်မည်

နေပြည်တော် စက်တင်ဘာ ၁၄

အစိုးရကဏ္ဍအတွက် နိုင်ငံတကာကျင့်သုံးမည့် ဘဏ္ဍာရေးရှင်းတမ်းပုံစံများနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံစာများ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရန်နှင့် စာရင်းကိုင်စနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန်တို့အတွက်ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က ပူးပေါင်းဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ၊ ငွေသားအခြေခံအပိုင်း (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဘဏ္ဍာရေးရှင်းတမ်းကို ရေးဆွဲတင်ပြ

ယခုသင်တန်းတွင် ပို့ချပေးခဲ့သော နိုင်ငံတကာ စာရင်းကိုင်စနစ်ဖြစ်သည့် IPSAS ကို လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရသုံးခန့်မှန်းခြေစာရင်းနှင့် အမှန်စာရင်းနှိုင်းယှဉ်တင်ပြရာတွင် ရှင်းလင်းချက် (Disclosure Notes) များအား ပိုမိုအသေးစိတ်ရေးသားနိုင်ပြီး၊ ပြည့်စုံပြီး ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာ ရေးရှင်းတမ်းကို ရေးဆွဲတင်ပြနိုင်မည်ဖြစ်သည်။ ထို့ပြင် IPSAS ကို အပြည့်အဝ လိုက်နာကျင့်သုံးခြင်းဖြင့် ရရန်ပိုင်ခွင့် (Assets) နှင့် ပေးရန်တာဝန်များ (Liabilities)၊ ရရန်ရှိ/ပေးရန်ရှိ စာရင်း (receivable/ payable) များကိုပါ ပြုစုနိုင်မည်ဖြစ်၍ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ စိစစ်ရာတွင် ပိုမိုပြည့်စုံ ခိုင်မာသောအချက်အလက်များ ရရှိဆောင်ရွက်နိုင် မည်ဖြစ်သည်။

ထို့အပြင် ဘတ်ဂျက်အကောင်အထည်ဖော်မှုနှင့် အစီရင်ခံတင်ပြမှု (Effective Budget Execution and Financial Report) ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းပေါင်းချုပ်နှင့် အကောင်အထည်ဖော်မှုအား စောင့်ကြည့်အစီရင် ခံတင်ပြရာတွင် ပေါင်းစည်းဘဏ္ဍာရေးရှင်းတမ်းများ (Consolidated Financial Statements) ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာတင်ပြခြင်းတို့၌ နိုင်ငံ တကာက ကျင့်သုံးဆောင်ရွက်နေသည့် IPSAS, Cash-Basis စနစ်ဖြင့် ဆောင်ရွက်နိုင်မည့် အကျိုး ရလဒ်များ ရရှိမည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့မှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

သင်တန်းဆင်းလက်မှတ်များပေးအပ်

သင်တန်းကာလမှာ ရက်သတ္တပတ် ၁၄ ပတ်ကြာမြင့်ပြီး သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးတို့က ဆုများချီးမြှင့်ကြပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်