နေပြည်တော် စက်တင်ဘာ ၁၄
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အဖွင့်အမှာစကားပြောကြား
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Pan Sorasak က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံ စီးပွားရေးဝန်ကြီးများကို တွေ့ဆုံသည့် အခမ်းအနားသို့လည်း တက်ရောက်သည်။
ထို့နောက် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက်ကျင်းပရာ (၃၆) ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်မှု ဒေသကောင်စီအစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို မှာကြားခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက် စနစ်ကို ပြည့်ပြည့်ဝဝအသုံးချ၍ အီလက်ထရွန်နစ်စနစ်ဖြင့် အကောက်ခွန် သက်သာခွင့် လျှောက်ထားသည့် ပင်ရင်းသက်သေခံ လက်မှတ်များလဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီးများက တိုက်တွန်းမှာကြားသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
အတည်ပြုခဲ့ကြ
ဆက်လက်၍ (၂၅) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးကို ကျင်းပရာ ဝန်ကြီးများက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၂) ထုတ်ဝေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ ထို့ပြင် အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှုခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှု အစီရင်ခံစာ (၂၀၂၂) (ASEAN Investment Peer Review Report 2022) ကို အတည်ပြုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ပိုမိုပူးပေါင်းဆောင်ရွက်
မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာဝန်ကြီးများက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ပြောကြားသည်။
ညနေပိုင်းတွင် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက်ဝန်ကြီးများက ရေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် ကုန်သေတ္တာများသုံးစွဲရာ၌ စီမံခန့်ခွဲမှုတိုးတက်စေရေး လေ့လာမှု၏ရလဒ်များအပေါ် မူဝါဒဆိုင်ရာအကြံပြုချက်များနှင့် လမ်းညွှန်ချက်များ ပေးခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများက ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။
စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင်လည်း အာဆီယံစီးပွားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲကိုကျင်းပခဲ့ပြီး နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည် ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် ဖွံ့ဖြိုးမှုကောင်စီအတွင်းရေးမှူးချုပ် H.E. Sok Chenda Sophea၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Vongsey Vissoth တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသစ်လင်းအုန်း၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ဆက်လက်ကျင်းပမည်
(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၁၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်