နေပြည်တော် စက်တင်ဘာ ၁၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
စနစ်တကျဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံဆောက်လုပ်ရာ၌ ရေရှည်တည်တံ့ ကောင်းမွန်စေရေး စနစ်တကျမြော်တွေးဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ထိန်းသိမ်းရေး အပိုင်းကိုလည်း မှတ်တမ်းအထောက်အထားများဖြင့် စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လမ်းများတည်ဆောက်ရာတွင် လမ်းအင်္ဂါရပ် များနှင့်ညီညွတ်ရန်၊ လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းနယ်များ မှန်ကန်ရေး စနစ်တကျသတ်မှတ်ထားရှိရန်၊ လမ်းဘေး ဝဲ/ယာ သစ်ပင်များကိုလည်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ရေနုတ်မြောင်းများ စနစ်တကျရှိစေရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခံနိုင်ဝန်ရှိရန်၊ ရေရှည်ခိုင်ခံ့မှုရှိစေရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျ တည်ဆောက်ရန်၊ တံတားအကျယ်မှန်ကန်ရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်မှုရှိစေရန် ထည့်သွင်းစဉ်းစား တွက်ချက်ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ ပင်စင်ယူချိန်တွင်နေထိုင်ရန် အိမ်ရာများရှိရန်၊ တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများရရှိရန်နှင့် ပြည်သူများအတွက် တန်ဖိုးသင့် အိမ်ရာများရရှိရန် စဉ်းစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လမ်းညွှန်မှာကြားချက် အသေးစိတ်အချက်အလက်များကို အလေးထားလိုက်နာ အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လမ်းများ၊ ကုန်သွယ်လမ်းများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလားအလာကောင်းသည့် လမ်းနှင့်တံတားသစ်များ တည်ဆောက်နိုင်ရန်လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းစိစစ်တင်ပြကြရမည်ဖြစ်ကြောင်း။
တံတားဟောင်းများ၏ ခံနိုင်ဝန်မြှင့်တင်တည်ဆောက်ရန် လိုအပ်သည့်နည်းတူ အဖျက်အမှောင့်များကြောင့် ပျက်စီးသွားသည့် လမ်းနှင့်တံတားများကိုလည်း အချိန်တိုအတွင်း ပြန်လည်အသုံးပြုနိုင်အောင် ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းများနှင့်စီမံချက်များ အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျချွေတာ သုံးစွဲကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေက ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာကြရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးကဏ္ဍသည် အရေးကြီးသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ ဦးတည်ချက်များ၊ လုပ်ငန်းတာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများက အဆောက်အအုံ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အင်ဂျင် နီယာချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးတင်ပြရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်