Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ အတင်းအဓမ္မဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ကယ်တင်နိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ခြိမ်းခြောက် အကျပ်ကိုင်၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၏ သတင်းပေးပို့မှုအရ စက်တင်ဘာ ၄ ရက်တွင် မော်လိုက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ် မိုင်းနွဲ့ကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် အဆိုပါစခန်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် အမျိုးသမီး လေးဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

PDF အမည်ခံ အကြမ်းဖက် သမားများက အဆိုပါအမျိုးသမီးများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့မှု၊ နေထိုင်စားသောက် ခဲ့ရမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ကယ်တင်၍ သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ကြားသိခဲ့ရသည်-

မဝင်းဝင်း(အမည်လွှဲ)

သမီးကတော့ မော်လိုက် မြို့နယ်ကောင်းကွေအုပ်စု မိုင်းနွဲ့ကျေးရွာမှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၅ နှစ် ဖြစ်ပါတယ်။ သမီးတို့ရွာကို အကြမ်းဖက် PDF ခေါင်းဆောင်တစ်ယောက်နဲ့ သူ့ရဲ့တပည့်နှစ်ယောက်က အတင်းအဓမ္မ လူသစ်စုတဲ့အတွက် သမီးတို့လူသစ်စုခြင်း ခံခဲ့ရပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သေနတ်သံတွေ ကြားရပါတယ်။ သမီးတို့လည်း ဘယ်မှမပြေးဘဲ မြေကြီးပေါ်မှာပဲ ဝပ်နေခဲ့ပါတယ်။ အဲဒီ အချိန်သမီးတို့ကို လာကယ်တဲ့ တပ်မတော်သားတွေနဲ့တွေ့ပါတယ်။ တပ်မတော်သားတွေကို တွေ့တဲ့အချိန်မှာ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ လုံခြုံမှုလည်းရတယ်လို့ ခံစားရပါတယ်။ တပ်မတော်က သမီးတို့ကို ကယ်တင်တဲ့အချိန်မှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကာယအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန် ကျွေးတယ်၊ ကောင်းကောင်းမွန်မွန် ထားတယ်။ သမီးတို့ကို ဦးလေးသဖွယ်၊ မိဘသဖွယ် စောင့်ရှောက်ထားပါတယ်။ စခန်းကနေ ကောင်းကွေအထိ လမ်းလျှောက်ရပါတယ်။ အဲဒီနေရာကနေ ကလေးအထိ ကားနဲ့ပို့ပေးပါတယ်။ လမ်းတစ်လျှောက်မှာလည်း သမီးတို့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားပါတယ်။ ကလေးမြို့ကို ရောက်တဲ့အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ သမီးတို့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အားပေးစကားတွေလည်း ပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးပါတယ်။ လိုအပ်တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကိုလည်း ဝယ်ပေးပါတယ်။ အခုလည်း ဟိုတယ်နဲ့တူတဲ့ ရိပ်သာကြီးမှာ သမီးတို့ကိုထားပါတယ်။ သမီးတို့လို လူငယ်လူရွယ်တွေကို ပြောချင်တာကတော့ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့။ သတင်းမီဒီယာတွေရဲ့ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုတွေကို မယုံကြပါနဲ့။ PDF အကြမ်းဖက်အဖွဲ့ထံမှာ ကိုယ့်ရဲ့ဘဝကို ရေတိမ်မနစ်ပါစေနဲ့။ အမြန်ဆုံးရုန်းထွက်ခဲ့ကြပါ။ တပ်မတော်က နွေးထွေးစွာ ကြိုဆိုနေတဲ့အတွက် မိဘရင်ခွင် ကို ပြန်လာခဲ့ကြပါလို့ ပြောကြားချင်ပါတယ်။ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

မလင်းလင်း(အမည်လွှဲ)

သမီးက မော်လိုက်မြို့နယ်မှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၆ နှစ်ပါ။ သမီးတို့ရွာမှာ အိမ်ခြေ တစ်ရာကျော်ရှိပါတယ်။ သမီးတို့ ရွာမှာ PDF အကြမ်းဖက်တွေက ခြိမ်းခြောက်မှုတွေ ရှိတာကြောင့် အုပ်ချုပ်ရေးမှူးလုပ်ရဲတဲ့သူ မရှိပါဘူး။ ကျေးရွာတွေကို PDF အကြမ်းဖက်တွေက မီးရှို့မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ချင်းတွင်းမြစ်မှာ သွားလာနေတဲ့ လှေ၊ သင်္ဘောတွေကိုလည်း ဆက်ကြေးကောက်ခံကြပါတယ်။ အစိုးရဝန်ထမ်းတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်ကြပါတယ်။ စာသင်ကျောင်းများ မဖွင့်နိုင်အောင်လည်း ခြိမ်းခြောက်ထားကြပါတယ်။ …… ကျေးရွာမှာလည်း ကျောင်းသုံး စာအုပ်တွေကို ဖျက်ဆီးကြပါတယ်။ သမီးတို့ရွာကို တခြားရွာက PDF ခေါင်းဆောင်က အကြိမ်ကြိမ် လာရောက်စည်းရုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သမီးနဲ့သူငယ်ချင်းဖြစ်သူတို့ အတင်းအဓမ္မ စုဆောင်းခြင်းခံရပါတယ်။ ပဲနဲ့မျှစ်ကိုပဲ အဓိကစားသောက်ခဲ့ရပြီး အရမ်းလည်းခက်ခဲခဲ့ပါတယ်။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ဖျားနာသူတွေရှိရင် ဆေးဝါးကုသမှု လုံလုံ လောက်လောက် မရကြပါဘူး။ ဖုန်းတွေကိုလည်း သိမ်းထားပါတယ်။ စခန်းနားမှာ မိုင်းတွေ ထောင်ထားတယ်လို့လည်း ပြောပါတယ်။ သမီးတို့လည်း အိမ်ပြန်ချင်တဲ့အတွက် အကြိမ်ကြိမ် ငိုခဲ့ရပါတယ်။ ရိက္ခာအနေနဲ့ ကျွေးတာက အတင်းအဓမ္မ ကောက်ခံပြီး ကျွေးတာများ တယ်လို့ သိရပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာတော့ လက်နက်ငယ်သံတွေကြားရပြီး တိုက်ပွဲဖြစ်ပြီလို့ သိရတာကြောင့် မြေကြီးပေါ်မှာဝပ်နေခဲ့ပါတယ်။ ခဏအကြာမှာတော့ တပ်မတော်သားတွေ ရောက်လာခဲ့ပါတယ်။ သမီးတို့က “ကြောက်ပါတယ်၊ ကြောက်ပါတယ်” လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ တပ်မတော်သားတွေက “ဘာမှမဖြစ်ဘူး။ ဝပ်နေဝပ်နေ” လို့ပြောပြီး သေနတ်သံတွေ ငြိမ်သွားတဲ့အခါမှာတော့ စစ်ကြောင်းမှူးဆီခေါ်သွားပါတယ်။ သမီးတို့ကို ဆဲဆိုကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေ၊ ထိကပါးရိကပါး သွေးဆောင်ဖြားယောင်းတာတွေ လည်း မရှိပါဘူး။ ကိုယ့်မိသားစု ဝင်တွေလိုပဲ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေးတယ်။ ကိုယ့်သားသမီးတွေလို ဂရုစိုက်ခဲ့ပါတယ်။ ကလေးမြို့ကို ရောက်တဲ့အချိန်မှာတော့ တာဝန်ရှိသူတွေအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ တပ်မတော်ကြီးက DVB, Mizzima တို့က ထုတ်လွှင့်နေသလိုမဟုတ်ဘဲ မိဘအိမ်ကဲ့သို့ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့အတွက် အရမ်းလည်း ပျော်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိနေတဲ့ သမီးတို့လို လူငယ်လူရွယ်တွေကို ပြောချင်တာကတော့ နိုင်ငံရေးအကြောင်း ဘာမှနားမလည်သေးတဲ့ အရွယ်မှာ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်ပါစေနဲ့။ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာကို ခွဲခြားနားလည်ပြီး ဥပဒေဘောင်အတွင်း အမြန်ဆုံးဝင်ရောက်လာခဲ့ကြပါ။ သမီးတို့နိုင်ငံကြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တည်ဆောက်သွားဖို့ အချိန်တန်ပြီလို့ ပြောကြားလိုပါတယ်။

သတင်းစဉ်