နေပြည်တော် စက်တင်ဘာ ၁၃
ကလေးအလုပ်သမားခိုင်းစေမှုများ ပပျောက်သွားစေရန်နှင့် လျော့နည်းသွားရန် အခွင့်အလမ်းကောင်းများ ဖန်တီးဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။
ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ကလေးအလုပ်သမားများကို စောင့်ကြည့်ရှာဖွေ ဖော်ထုတ်ခြင်း၊ လွှဲပြောင်းပေးခြင်းဆိုင်ရာ ဖော်ထုတ်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိတို့အနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များ အခြေခံပညာ KG + 9 ပြီးမြောက်စေရန် အခမဲ့ပညာရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ပညာရေးကို ဆုံးခန်းတိုင်အောင် အေးချမ်းစွာသင်ယူနိုင်ရန် ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ၊ ဝေးလံခက်ခဲသည့်ဒေသများမှကလေးများ၊ မသန်စွမ်းကလေးများအတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လိုအပ်သည့် ထောက်ပံ့မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ၊ ရပ်ရွာဒေသနှင့် ကိုက်ညီသည့် စဉ်ဆက်ပညာရေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သင်ယူမှုဝန်းကျင် အမျိုးမျိုး၊ သင်ယူမှုအခွင့်အလမ်း အမျိုးမျိုးကို ဖန်တီးပေးကြရမည် ဖြစ်ကြောင်း၊ ကျောင်းပြင်ပ ပညာရေးလိုအပ်သည့် နေရာဒေသအလိုက် ဝင်ရောက်ဆောင်ရွက်နေသကဲ့သို့ အခြေခံပညာကျောင်းများကလည်း လက်ရှိကျောင်းသားများ ပုံမှန်တက်ရောက်နိုင်ရေး၊ ကျောင်းထွက်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေး၌ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးပြီး ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်