Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ညောင်နှစ်ပင်ရှိ ပြည်ထောင်စုခန်းမ အဝင်လမ်းဆောင်ရွက်နေမှု၊ ပြည်ထောင်စုခန်းမ(ပင်မဆောင်)နှင့် ဆက်စပ်အဆောက်အဦပြုပြင်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ ပြည်ထောင်စုခန်းမအဝင်လမ်းသစ်ကို လမ်းအထူးအဖွဲ့ (၁၄)မှ ဆောင်ရွက်လျက်ရှိပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၁) နှင့် (၂)တို့က ခြံစည်းရိုးနှင့် ပင်မဂိတ်တံခါး၊ ပြည်ထောင်စုခန်းမ (ပင်မဆောင်)နှင့် ဆက်စပ်အဆောက်အဦများ ပြင်ဆင်မှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိန်းသိမ်းဆောင်ရွက်

ထိုသို့ ဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းအင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာဆောင်ရွက်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့် အဆောက်အဦများနှင့် ဆက်စပ်ပစ္စည်းများ လေလွင့်ပျောက်ဆုံး လျော့နည်းမှု မရှိစေရေးဂရုပြု ထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် Eco – Green City စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးနှင့် Alliance Stars ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က စီမံကိန်းစတင်ဖြစ်ပေါ်ပုံနှင့် ဆောင်ရွက်နေမှု၊ စီမံကိန်းတွင် ပါဝင်မည့် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာ တည်ဆောက်နေမှုနှင့် စီမံကိန်းဧရိယာအတွင်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယခုစီမံကိန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် တည်ရှိသဖြင့်ဧရိယာ သတ်သတ်မှတ်မှတ်ဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Eco – Green City စီမံကိန်းဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်