နေပြည်တော် စက်တင်ဘာ ၁၃
e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူစသည့် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊ ပြည်တွင်း၌ အခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင် ထားသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူစသည်တို့ကို ကိုယ်ရေးဆိုင်ရာ အချက်အလက် Biographic (၆) ချက်နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric (၃) ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီ ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် e-ID စနစ် လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကြာမီ ပြီးစီးတော့မည်
ဆက်လက်၍ လက်ရှိအခြေအနေတွင် မိမိတို့ဌာန၏ ရုံးအသီးသီးရှိ နိုင်၊ ဧည့်၊ ပြု လက်မှတ်များ ထုတ်ပေးမှုမှတ်တမ်းနှင့် PR ရရှိထားသူနှင့် FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေး အချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များကို နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များသည် e-ID စနစ်အတွက် Biographic Data(၆)ချက် ရယူရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအချက်အလက်များကို မိမိတို့ ဝန်ကြီးဌာန၏ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ တာဝန်ယူ၍ ပြည်တွင်းနည်းပညာအကြံ ပေးအဖွဲ့နှင့် ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိပါကြောင်း။
ဦးတည်အုပ်စု လျာထားချက်
ထို့ပြင် e-ID စနစ်အတွက် ဆောင်ရွက်မည့်စနစ် တည်ဆောက်ပုံ ဒီဇိုင်း၊ ပြည်ပနည်းပညာ အကြံပေး ငှားရမ်းခေါ်ယူရေးနှင့် Biometric ကောက်ယူရေးအတွက် အသုံးပြုမည့် နည်းပညာဆိုင်ရာပစ္စည်းနှင့် ပတ်သက်၍ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များရရှိပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှု၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ အထက်ဌာန ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက Biometric (၃) ချက်ကောက်ယူရေးဆောင်ရွက်ရ မည်ဖြစ်ပြီး မကြာမီကာလအတွင်း စမ်းသပ် ကောက်ယူမှုများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင်လည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာ အဆင့်ဆင့်ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ယခုအစည်းအဝေးတွင် ဦးတည်အုပ်စု လျာထားချက် အခြေအနေနှင့် e-ID စနစ်အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်း အခြေအနေများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်တို့က ဆွေးနွေးတင်ပြချက်များအပေါ် ထပ်မံသုံးသပ်အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်