Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မပျက်မကွက်ထိုးနှံကာကွယ်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ မြင့်မားတိုးတက်နေဆဲဖြစ်သည်။ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုနှုန်း များပြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ယခုရက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားတိုးတက်လာသည်။ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်း ကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ပြည်တွင်း၌ အစုလိုက်ကူးစက်မှုများ ဖြစ်ပွားနေသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခြင်းကို နေ့စဉ် လုပ်ဆောင်လျက်ရှိရာ ရောဂါပိုးတွေ့ရှိခဲ့သော လူနာများတွင် ပြည်ပမှဝင်ရောက်လာသူများမှာ အနည်းစုဖြစ်ပြီး ပြည်တွင်း၌ ပြည်သူအချင်းချင်းကြားတွင် ရောဂါပိုးရှိသူ များမှတစ်ဆင့် ကူးစက်ခံရမှုမှ အစုလိုက်ကူးစက်မှုများရှိလာသည်ကို နေ့စဉ် တွေ့မြင်နေရသည်။ ရောဂါပိုးရှိသူသည် ရောဂါလက္ခဏာ ကြီးကြီးမားမားမပြသဖြင့် လူအများကြား သွားလာနေရာမှ အခြားသူများသို့ ထပ်မံပျံ့နှံ့လာခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ ရောဂါကူးစက်မှုနှုန်း မြင့်မားလာခြင်းသည် ရောဂါကာကွယ်ရေး စည်းကမ်းများကို လိုက်နာမှုအားနည်းသောကြောင့်ဖြစ် သည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်တွေ့ရှိပါက နီးစပ်ရာဆေးရုံ/ ဆေးခန်းများသို့ သွားရောက်၍ ရောဂါရှိ/မရှိ စစ်ဆေးကြည့် ရန်လိုအပ်ပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် နေအိမ်တွင် သီးသန့်ကုသခြင်း၊ ဆေးရုံများတွင် တက်ရောက်ကုသခြင်းများ ပြုလုပ် ပေးလျက်ရှိရာ ရောဂါသက်သာ ပျောက်ကင်းမှုများ ရှိနေသည်ကို တွေ့ရပါသည်။ အဓိကမှာ ကျန်းမာရေးဆိုင်ရာမှ လမ်းညွှန်ချက်များကို အတိအကျလိုက်နာ ဆောင်ရွက်ရန်လိုပါသည်။ ရောဂါကြောင့် အသက်သေဆုံးနိုင်မှု ဖြစ်နိုင်ခြေ နည်းပါးသော်လည်း ရောဂါအခံများရှိလျှင် စိုးရိမ်ဖွယ်ရာ အခြေအနေများ ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့ အထိ တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားပြီး လေးရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားပြီးသူများဖြစ်ရာ ကာကွယ်ဆေး အကြိမ်ပြည့်၊ ထပ်ဆောင်းထိုးနှံထားခြင်းသည် အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာ အလွန်နည်းကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အထက်ကဖော်ပြခဲ့သည့် ကာလများအတွင်း တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ဆန်းစစ်ကြည့်လျှင် ရောဂါအခံရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူများ အားလုံး၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများဖြစ်သည်။ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူ များမှာ သေဆုံးမှု ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ထားသူများတွင် သေဆုံးမှု ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။ ယခုအခါတွင် ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ဆောင်ရွက် ပေးလျက်ရှိရာ ရောဂါကြောင့် အသက်အန္တရာယ်အနည်းဆုံးဖြစ်သဖြင့် အထူးဂရုစိုက်ထိုးနှံထားရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုတို့ကို လေ့လာကြည့်လျှင် ကာကွယ်ဆေးထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အသက် သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့်လည်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မပျက်မကွက် ဆောင်ရွက်ကြရန် နှိုးဆော်အပ်ပါကြောင်း။ ။