နေပြည်တော် စက်တင်ဘာ ၁၂
ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံရှိ စားသုံးဆီထုတ်လုပ်ရေးအတွက် ဆောင်ရွက်နေသည့် ဆီစက်များအဆင့်မြှင့်တင်ရန်၊ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ရန်နှင့် ခေတ်မီစက်အသစ်များ ထပ်မံတည်ဆောက်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ အရင်းအနှီးများရရှိစေရန် မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂-၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်း အဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အထောက်အကူပြုအဖွဲ့ လေးဖွဲ့အား ဖွဲ့စည်းထားရှိပြီး၊ အဖွဲ့အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကြိုတင်ဆွေးနွေးကြရန်နှင့် လစဉ်ပြုလုပ်သည့် အစည်းအဝေးများတွင် အထောက်အကူပြုအဖွဲ့ လေးဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုများကို စဉ်ဆက်မပြတ် တင်ပြရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်လည်း ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် အမြဲမပြတ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ဆီစက်လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်