Skip to main content

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော် စက်တင်ဘာ ၁၁

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ချင်းပြည်နယ် မတူပီမြို့၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၊ သပိတ်ကျင်းမြို့နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့်ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများ စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်