Skip to main content

မွေးမြူရေးတောင်သူများကို နည်းပညာပေးခြင်း၊ မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လို

နေပြည်တော် စက်တင်ဘာ ၁၁

လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများကို နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်တင်ဘာ ၁၀ ရက်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ Good Brother’s Co.Ltd ၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်၍ Good Brother’s Co.Ltd တာဝန်ရှိသူက နွားစာစိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူပေါင်း၍ ဒေသတွင်း ကာကွယ်ဆေးထိုးခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အကျိုးတူနွားမွေးဖက်ပေးခြင်း၊ ခိုင်းနွားအငှားချထားပေးခြင်း လုပ်ငန်းအခြေအနေများကိုတင်ပြပြီး ဒုတိယဝန်ကြီးက နေဗီယာမြက် စိုက်ပျိုးထားရှိမှု၊ ဒေသနွားများမွေးမြူထားရှိမှုနှင့် နွားနောက်မွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

အလားတူ မကွေးမြို့နယ် ကန်လှကျေးရွာတောင်သူ ဦးဇော်မင်း၏ လယ်မြေတွင် Good Brother’s Co.Ltd နှင့် တောင်သူများ အကျိုးတူစိုက်ပျိုးထားသည့် နေကြာသီးနှံ (အိန္ဒိယမျိုး) စိုက်ပျိုးခင်းသို့ ရောက်ရှိပြီး နေကြာမျိုးစေ့ထုတ်စိုက်ခင်းကိုလည်းကောင်း၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် အခြားသော တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်သော နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ၌ နှမ်းသီးနှံ စုပေါင်းရောင်းချနေမှုကိုလည်းကောင်း လိုက်လံကြည့်ရှု အားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် လင်းဇင်းကျေးရွာအနီး တည်ဆောက်ထားသည့် လင်းဇင်းရေလွှဲဆည်သို့ ရောက်ရှိပြီး သဲထုတ်တံခါး၊ ရေသွင်းတံခါးနှင့် ဆည်ကြံ့ခိုင်မှုကိုလည်းကောင်း၊ တူးမြောင်းမကြီးတစ်လျှောက် စိုက်ပျိုးရေပေးဝေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်မင်းဘူးမြို့နယ် ရွာသာယာအုပ်စု ကမ်းနီကျေးရွာတောင်သူ ဦးကြည်ထွေး၏ ချည်မျှင်ရှည်ဝါမျိုးသစ် Long Staple Cotton (RAKA 3455 L SSB 98 BG II) အကွက်ကျယ် စမ်းသပ်ကွက်သို့ ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံကာ မျိုးစေ့ခြံများမှ မျိုးကောင်းမျိုးသန့်များ မျိုးပွားဖြန့်ဖြူးပေးခြင်း၊ အကျိုးဆောင် တောင်သူများမှတစ်ဆင့် မျိုးပွားထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ အရင်းအနှီးရရှိရေးနှင့် သီးနှံဈေးနှုန်း အာမခံချက်ရရှိစေရန် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် တောင်သူများ ပူပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်