နေပြည်တော် စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Myancopharm၊ Sinovac နှင့် Sinopharm ဆေးများကို ယနေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့သို့ Myancopharm ဆေး ၁၂၀၂၇ လုံး၊ Sinovac ဆေး ၆၄၁၇ လုံး၊ Sinopharm ဆေးအလုံး ၉၀၀ နှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်