Skip to main content

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ခွင့်ပြုပေးနိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၀

မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၆၅၀၁၁ ဒသမ ၇၅၁ သန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းရှိကာ ပြည်တွင်းအလုပ်သမား ၃၂၆၃ ဦး၊ ပြည်ပအလုပ်သမား ၁၅၉ ဦး အလုပ်သမားဝန်ထမ်းအင်အား စုစုပေါင်း ၃၄၂၂ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးမှ သိရသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးကို စက်တင်ဘာ ၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး ​အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွား​ရေးအရ အချက်အချာကျသည့် ​နေရာတစ်ခုဖြစ်သကဲ့သို့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်​ခေါ်၍  စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​စေရေးကို  ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် အ​ခြေခံအ​ဆောက်အဦများနှင့် ​ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ​ ဆောင်ရွက်နိုင်ရေးကိုလည်း အ​လေးထား​ ဆောင်ရွက်​ပေးကြစေလို​ကြောင်း၊ စက်မှုဇုန်အနေဖြင့် စက်ရုံများမှ စွန့်ပစ်​ရေဆိုးများနှင့် အညစ်အ​ကြေးများကို စနစ်တကျ ဆောင်ရွက်​ပေးကြရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ​စေ​ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ​ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေ​ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် (၃/၂၀၂၂) အစည်းအဝေးတွင် တင်ပြလာသော ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီအတွင်း​ရေးမှူးနှင့် ကော်မတီဝင်များက ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်အတွင်း ဒေသန္တရဖွံ့ဖြိုးတိုးတက်​ရေး အကျိုးပြုသည့် လုပ်ငန်းများ​ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ​ရန်ပုံ​ငွေသုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းများ၊​ ဒေသန္တရဖွံ့ဖြိုးတိုးတက်​ရေး အကျိုးပြုသည့် လုပ်ငန်းများ​ကို ​ ဆောင်ရွက်​ပေးကြ​စေလို​ကြောင်း၊ ကောင်းမွန်သော စီးပွားရေးအခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်​ရေးတို့အတွက် အားလုံးဝိုင်းဝန်း ​ဆောင်ရွက်​ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေး​နွေးခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်မှု တစ်​ပြေးညီဖြစ်​စေ​​ရန် ရည်ရွယ်၍ ​ခေတ်မီစံပြ​ကျေးရွာများ တည်​ထောင်ကာ သမဝါယမစနစ်ဖြင့် စိုက်ပျိုး၊ မွေးမြူရေး၊ အသက်​မွေးဝမ်း​ကျောင်းလုပ်ငန်းများကို ​​ဆောင်ရွက်ထားရှိပြီးဖြစ်ကာ ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ​ ဆောင်ရွက်နိုင်​ရေး စီစဉ်​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

သတင်းစဉ်