နေပြည်တော် စက်တင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်းမှ သင်တန်းသား ၂၀ သည် ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်၌ ကြည့်ရှုလေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများအပြင် ပင်မအဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စက်တင်ဘာ ၆ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်လျက်ရှိသော ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း (၁/၂၀၂၂)သို့ သင်တန်းသား ၂၀ တက်ရောက်လျက်ရှိပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်လေ့လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်