Skip to main content

တရားမဝင်သစ်မျိုးစုံ၊ အိမ်တွင်းအလှဆင်ပစ္စည်း၊ မိုဘိုင်းလ်ဖုန်းအပိုပစ္စည်း၊ မော်တော်ကားအပိုပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID နှင့် ကိုက်ညီမှုမရှိသော မော်တော်ကားအပိုပစ္စည်းများနှင့် မိုဘိုင်းလ်ဖုန်းအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၇၇၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မလစ်အနောက်ကျေးရွာ၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်ကျွန်းပါကေး အကြမ်းတုံးများ ၁ ဒသမ ၄၅၇၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၇၅၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၉၆၁၇၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော အကောက်ခွန်မဲ့ ကြမ်းခင်းဖယောင်းပုဆိုးများ ၅၅ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ဘိုင်းဒါးကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်၊ တောင်ပိန်း သစ်၊ သပြေသစ်၊ ပျဉ်းမသစ်နှင့် ထောက်ကြံ့သစ် ၅ ဒသမ ၈၁၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၂ ၉၁၂) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၆ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၇) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈၉၆၉၆၆၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်