Skip to main content

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

နေပြည်တော် စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော် စက်ရုံထုတ်အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကျိုက်ထိုမြို့တို့၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ထိုသို့ရောင်းချနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထို့အတူ ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ ချင်းပြည်နယ် အစိုးရအဖွဲ့၏ စီမံဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အခြေခံစားကုန်များကို လည်းကောင်း၊ ဟားခါး တပ်နယ်မှ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များအပြင် ဆန်၊ ဆီ၊ စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များ၊ အခြေခံစားသောက်ကုန်များကို ဒေသပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းလျှော့၍လည်းကောင်း ရောင်းချပေးခဲ့သည်။ ထိုသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်း ထန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့၊ မိုင်းတုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ထားဝယ်မြို့၊ တနင်္သာရီမြို့၊ ကော့သောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ဆန်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်