ရန်ကုန် စက်တင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များအား ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)၌ တွေ့ဆုံသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မတ်လတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၀)ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာ့ပြက္ခဒိန် ပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းဖွင့်လှစ်ရေးကို ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါသင်တန်းကို တစ်နှစ်ဖွင့်လှစ်ရာမှ တစ်နှစ်ခွဲတိုးချဲ့ သတ်မှတ်နိုင်ရေး၊ နက်နဲသည့်ပညာရပ်ဖြစ်သည့်အတွက် ရေးဖြေ နှုတ်ဖြေ အပါအဝင် ဝင်ခွင့်အရည်အချင်း သတ်မှတ်နိုင်ရေး၊ အရည်အသွေးပြည့်ဝပြီး အာမခံချက်ပေးနိုင်သည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ ဘွဲ့ယူစာတမ်းများ ရေးသားပြုစု၍ စစ်ဆေးနိုင်ရေး၊ အစရှိသည်တို့ကို ဆွေးနွေးဆောင်ရွက်ရန်အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များ ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ အဖွဲ့ဝင် သဒ္ဓမ္မဇောတိကဓဇ ဦးရန်နိုင်သိန်းက နှစ်အလိုက်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒက လိုအပ်သည်များကို မိန့်ကြားခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်ရုံးခွဲ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) နာယကကြီးများပါဝင်သော အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) အမှုဆောင်သက်တမ်း ကုန်ဆုံးပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်အရ သင်းလုံးကျွတ်ညီလာခံခေါ်ယူရန် အခက်အခဲရှိသောကြောင့် မျက်နှာစုံညီ အစည်းအဝေးကျင်းပ၍ အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ အမှုဆောင်ပြန်လည်ရွေးချယ်ရာတွင် ဝါရင့်၊ သဘာရင့် နာယကကြီးများ၏ အကြံဥာဏ်ကို ရယူလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ရန် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) နာယကကြီးများ၊ ယာယီဥက္ကဋ္ဌ/ နိုင်ငံတကာ ဆက်ဆံရေးမှူး ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်း/ သက်တမ်းတိုး လျှောက်ထားခြင်း၊ ပန်းချီ ပန်းပု အစည်းအရုံး တိုးတက်စေရေးအတွက် ပြပွဲကျင်းပခြင်း ပန်းချီပန်းပုပညာရှင်များသာမက ပန်းဆယ်မျိုးပညာရှင်များပါဝင်သော အလွှာစုံရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပန်းချီပန်းပု အစည်းအရုံး(ဗဟို)နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်